မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို (18.12.2025)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ တိရစ္ဆာန်ဆေးပညာသင်တန်း မောင်မယ် သစ်လွင် ၁၆၉ ဦးနှင့် မွေးမြူရေးပညာသင်တန်း မောင်မယ်သစ်လွင် ၇၉ ဦးတို့ တက်ရောက်ခဲ့သည်။
ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားရာတွင် “မွေးမြူ ဆေးကု၊ တိုင်းပြည်ပြု” ဆိုသည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏စားရေ ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ မွေးမြူရေးလုပ်ငန်းများ အခြေခံသည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးစသည့်ကဏ္ဍများတွင် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် စွမ်းဆောင်နိုင်ကြစေရေး ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ တိုးတက် ပြောင်းလဲလာလျက်ရှိသည့် အသစ်အသစ်သော နည်းပညာများကို မျက်ခြည်မပြတ် လေ့လာမှုနှင့်အတူ မွေးမြူရေးကဏ္ဍအတွက် အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ရလဒ်ကောင်းများ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ဖန်တီးနိုင်ကြသူများဖြစ်စေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများက “တို့များနှလုံးအိမ်” တေးသီချင်းဖြင့်လည်းကောင်း၊ တတိယနှစ် တိရစ္ဆာန်ဆေးပညာဘွဲ့ ကျောင်းသူတစ်ဦးက “လက်ရည်တစ်ပြင်တည်း” တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး မောင်မယ်သစ်လွင် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။





